အအေးမိ၊ တုပ်ကွေးဖြစ်ရင် ဘာဆေးတွေ သောက်မလဲ
ရာသီအကူးအပြောင်း ကာလတွေနဲ့ မိုးရာသီမှာ အအေးမိတုပ်ကွေး အဖြစ်များပါတယ်။ အအေးမိတုပ်ကွေးဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့် အဖြစ်များတာမို့ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ခြင်း၊ တုပ်ကွေးကာကွယ်ဆေးပါ ထိုးထားခြင်းတို့ဖြင့် ကာကွယ်လို့ ရပါတယ်။
ကာကွယ်ထားရဲ့သားနဲ့ပဲ ဖြစ်ဖြစ်၊ မကာကွယ်ထားလို့ပဲ ဖြစ်ဖြစ် အအေးမိ၊ တုပ်ကွေးဖြစ်ပြီး နှာစေး၊ ခေါင်းကိုက်၊ ချောင်းဆိုး၊ လည်ပင်းနာတာတွေ ခံစားရတဲ့အခါ Over The Counter Drugs လို့ခေါ်တဲ့ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်လို့ရတဲ့ ဘယ်လိုဆေးမျိုးတွေ သောက်သင့်သလဲ ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။
ခေါင်းကိုက်ခဲ့ရင်…
အအေးမိ၊ တုပ်ကွေးဖြစ်တာနဲ့ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေနာကျင်ကိုက်ခဲတာက တွဲပါလာတော့မှာပါပဲ။ ကိုက်ခဲပြီး အဖျားသွေးရှိနေရင် အလွယ်ကူဆုံး သောက်သင့်တဲ့ဆေးက ပါရာစီတမောလ်ပါ။ ပါရာစီတမောလ်ဟာ အဖျားကျစေသလို အပျော့စားနဲ့ အလယ်အလတ်အဆင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ ရောဂါလက္ခဏာ ပြင်းထန်မှု အပေါ်မူတည်ပြီး တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ် သောက်လို့ ရပါတယ်။ ကလေးတွေအတွက် ဆေးရည်ပုံစံနဲ့လည်း လာပါတယ်။
ပါရာစီတမောလ်နဲ့ မသက်သာရင်တော့ NSAIDs ပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ (Ibuprofen, Aspirin, Diclofenac စသည်) သောက်လို့ ရပါတယ်။ NSAIDs ပါတဲ့ဆေးတွေဟာ အစာအိမ်နဲ့ အူနံရံကို ထိခိုက်စေလို့ အစာနဲ့ တွဲသောက်သင့်သလို အစာအိမ်ရောဂါ အခံရှိရင် PPI ပါတဲ့ အစာအိမ်ဆေးနဲ့ တွဲသောက်သင့်ပါတယ်။
ချောင်းဆိုးခဲ့ရင်…
ချောင်းခြောက်ဆိုးတဲ့အခါ Dextromethorphan ပါတဲ့ ချောင်းဆိုးပျောက်ဆေးတွေ ရွေးချယ်သင့်ပြီး သလိပ်ပါရင်တော့ Carbocisteine ပါတဲ့ ချောင်းဆိုးပျောက်ဆေးကို ရွေးချယ်သင့်ပါတယ်။
နှာစေးနှာပိတ်ခဲ့ရင်…
အအေးမိ၊ တုပ်ကွေးဖြစ်တဲ့အခါ နှာခေါင်းနဲ့ အနီးတဝိုက်မှာ ရှိတဲ့ Sinus လို့ခေါ်တဲ့ အခေါင်းပေါက်လေးတွေ ပိတ်ဆို့တာကြောင့် နှာရည်တရွှဲရွှဲနဲ့ နှာချေနေတာ ဒါမှမဟုတ် နှာခေါင်းပိတ်ပြီး အသက်ရှူမဝတာ ဖြစ်လေ့ရှိပါတယ်။
အခေါင်းပေါက်လေးတွေ ပွင့်သွားပြီး အသက်ရှူရ အဆင်ပြေအောင် Decongestant လို့ခေါ်တဲ့ Pseudoephedrine သို့မဟုတ် Phenylephrine ပါဝင်တဲ့ဆေးကို သုံးသင့်ပါတယ်။ Decongestant ကို သောက်ဆေးအနေနဲ့ရော နှာခေါင်းဖျန်းဆေး အနေနဲ့ရော သုံးလို့ရပါတယ်။ နှာခေါင်းဖျန်းဆေးအနေနဲ့ သုံးတဲ့အခါ ၃ ရက်ထက်ပိုပြီး မသုံးသင့်ပါဘူး။ ဆရာဝန်ညွှန်ကြားချက်မလိုဘူး ဆိုသော်လည်း Pseudoephedrine နဲ့ Phenylephrine နှစ်မျိုးလုံးဟာ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို တက်စေလို့ သွေးတိုးနဲ့ နှလုံးရောဂါအခံရှိရင်တော့ ဆရာဝန်နဲ့ ပြသပြီးမှ သုံးစွဲသင့်ပါတယ်။
နှာချေပြီး နှာရည်တွေ တောက်လျှောက်ကျနေတာအတွက် Antihistamine ပါတဲ့ ဆေးသောက်ရပါမယ်။ Burmeton လို့ လူသိများတဲ့ Chlorpheniramine, Cetrizine, Levocetrine, Fexofenadine စသဖြင့် Antihistamine အုပ်စုဝင်ဆေး အမျိုးမျိုးရှိပြီး ဆရာဝန်ညွှန်ကြားချက် မလိုဘဲ သောက်လို့ရပါတယ်။
လည်ချောင်းနာခဲ့ရင်…
အကိုက်အခဲပျောက်ဆေးတွေ သောက်တာက လည်ချောင်းနာတာကိုလည်း သက်သာစေမှာပါ။ ဒါ့အပြင် လည်ချောင်းနာတာအတွက် ထုတ်လုပ်ထားတဲ့ ငုံဆေးတွေငုံတာ၊ ဆားရည်နဲ့ ပလုတ်ကျင်းတာ၊ Mouth Wash တွေသုံးတာက လည်းချောင်းနာတာကို သက်သာစေပါတယ်။
ဆေးတွေချည်းပဲ သောက်နေလို့တော့ မရပါဘူး။ ကိုယ်ခံအားကောင်းမှ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်နိုင်မှာမို့ ရေများများသောက်တာ၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်နဲ့ စွပ်ပြုတ်ရည်တွေ သောက်တာ၊ အာဟာရဖြစ်အောင် စားတာ၊ လုံလောက်စွာ အနားယူတာတွေ လုပ်ပါမှ အမြန်ဆုံး သက်သာနိုင်မှာပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်